Tuesday, June 23, 2009

တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်

တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်
နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက်မြှင့်တင်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ခဲ့သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင်အား ဇွန်လ ၁၆ ရက်နေ့က ပေကျင်းမြို့ရှိ ၀န်ကြီးချုပ်ရုံး ကျုံးနန်းဟိုင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆွေမျိုးပေါက်ဖော် ညီအစ်ကို ဆက်ဆံရေးဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကပင် နှစ်နိုင်ငံအကြား အပြန်အလှန် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ကို အရင်းခံပြီး အိမ်နီးနားချင်းကောင်း ပီသစွာ ဆက်ဆံခဲ့ကြခြင်း ဖြစ်သည်။
နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကူညီထောက်ပံ့မှု အခြေအနေများနှင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စီးပွားရေး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ရှင်းလင်း ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအရ မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးမှာ အရေးကြီးသည့် ဆောင်ရွက်ချက် ဖြစ်သဖြင့် ဤမျှအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက် စေရန်အတွက် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှု အကူအညီများ ပေးအပ်လျက်ရှိကြောင်းကို တရုတ်နိုင်ငံ ၀န်ကြီးချုပ် မစ္စတာဝမ်ကြားပေါင်က ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ကူညီထောက်ပံ့မှုများ ပေးအပ်ရာတွင် နှောင်ကြိုးပါသည့် အကူအညီများ မဖြစ်စေရဟူသော မူဝါဒအရ ကူညီပေးနေခြင်း ဖြစ်ကြောင်းကိုလည်း တရုတ်နိုင်ငံ ၀န်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
သို့ဖြစ်ပေရာ တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး အတွက် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသည် နောင်လာနောက်သား သားစဉ်မြေးဆက်အထိ စဉ်ဆက်မပြတ် ဆက်လက်မြှင့်တင် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

No comments:

Post a Comment