တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် အေဆမ် ထိပ်သီး အစည်းအဝေး၏ သဘောတူ ဆုံးဖြတ်ချက်အရ အေဆမ် စွမ်းအင်လုံခြုံရေး ၀န်ကြီးအဆင့် အစည်းအဝေး ကို ကျင်းပခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် အေဆမ်အဖွဲ့ဝင် ဖြစ်လာပြီးနောက် အေဆမ်ဆိုင်ရာ အစည်းအဝေးများကို ပါဝင်တက်ရောက်ခဲ့သည်။ ယခုအခါ အေဆမ်တွင် အာရှဒေသမှ ၁၆ နိုင်ငံ၊ ဥရောပဒေသမှ ၂၇ နိုင်ငံ၊ ဥရောပ ကော်မရှင်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ရုံးတို့ပါဝင်ပြီး စုစုပေါင်းအဖွဲ့ဝင် ၄၅ ဦးရှိသည်။
ယခု အေဆမ်စွမ်းအင်လုံခြုံရေးဝန်ကြီး အဆင့် ကွန်ဖရင့်တွင် စွမ်းအင်လုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုများ၊ ကမ္ဘာ့စွမ်းအင် လိုအပ်မှု၊ လောင်စာဆီ ဈေးနှုန်းပြဿနာ၊ စွမ်းအင်နည်းပညာ ဆိုင်ရာတို့နှင့် စပ်လျဉ်း၍ အာရှနိုင်ငံများနှင့် အီးယူနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက် ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဒုတိယ၀န်ကြီး ဦးမောင်မြင့်သည် ကွန်ဖရင့် တက်ရောက်ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ခေတ္တရပ်နားစဉ် ဇွန် ၂၁ ရက်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး မစ္စတာ ဖိုင်သွန်ကေအိုသွန်နှင့် တွေ့ဆုံကာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအဆင့် ရရှိလာစေရေးနှင့် မြန်မာအလုပ်သမား အသစ်များအား ထိုင်းနိုင်ငံ သို့ တရားဝင် ပို့ဆောင်ရေး လက်တွေ့ အကောင်အထည်ဖော်ရန် ကိစ္စတို့ကို ညှိနှိုင်း ဆွေးနွေးခဲ့သည်။
ဒုတိယ၀န်ကြီးနှင့်အတူ နိုင်ငံခြားရေး ၀န်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထင်အောင်တို့ ပြန်လည်လိုက်ပါလာကြသည်။