၂၀၀၉ ခုနှစ်၊ မေလ ၂၂ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာကာစစ်၏ ပြောကြားချက်တို့မှာ ရှေ့နှင့်နောက် မညီညွတ်ဘဲ ပြောကြားသည့် မမှန်သတင်း များအပေါ် အခြေခံ ပြောကြားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဖတ်ရှုခြင်းဖြင့် အလွန်စိတ်ပျက်စရာ ကောင်းပါသည်။ ၄င်း၏ ပြောကြားချက်မှာ မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား အားလုံးကို ထောင်မှ လွှတ်ပေးခြင်းဖြင့် အမျိုးသား ရင်ကြားစေ့ရေး လမ်းခင်းပေးရာ ရောက်ပါသည်ဟု ပြောကြားခြင်းဖြစ်ပါသည်။ အာဆီယံနိုင်ငံ တစ်နိုင်ငံမှ လူတစ်ဦး တစ်ယောက်သည် အခြား အာဆီယံနိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေး၌ ၀င်ရောက်မစွက်ဖက်ရန် အာဆီယံ ပဋိညာဉ်စာတမ်းက တားမြစ်ထားပါလျက် ၀င်ရောက် ပြောဆိုခြင်းဖြင့် စွက်ဖက်ခွင့်ရှိပါသလား။
၂၂-၅-၂၀၀၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြထားသည့် ဒေါ်စုကြည်ကို သံတမန်များ တွေ့ရန်ခွင့်ပြုသည့်အတွက် မြန်မာအစိုးရအား ချီးမွမ်းကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီး မစ္စတာကာစစ်၏ ပြောဆိုချက်သည် နှစ်သိမ့်ဖွယ်ကောင်းပါသည်။ သို့သော် အပြုသဘော ဆောင်သည့် အင်္ဂါရပ်တို့ကို ဤနေရာ၌ ရပ်မထားဘဲ မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို ထောင်မှ လွှတ်ပေးခြင်းသည် အမျိုးသား ရင်ကြားစေ့ရေး လမ်းခင်းပေးရာ ရောက်သည်ဆိုသော ၄င်း၏ ဆက်လက်၍ ပြောဆိုချက်သည် အာဆီယံပဋိညာဉ်စာချုပ်ပါ စည်းမျဉ်းများ၏ အနှစ်သာရနှင့် စာသားများနှင့် မကိုက်ညီဘဲ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှု၊ တန်းတူညီမျှမှုတို့နှင့် သွေဖယ်၍ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်ရာ ရောက်ပါသည်။ ဤသို့ ပြောဆိုချက်မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူထားသော နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးမှ ပြောကြားခြင်း ဖြစ်သဖြင့် အလွန်ဝမ်းနည်းဖွယ်ရာ ကောင်းပါသည်။
No comments:
Post a Comment